Skip to main content

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း

    Doctors Without Borders staff distribute medication to patients during a mobile clinic in Northern Rakhine State, Myanmar.

    Doctors Without Borders staff distribute medication to patients during a mobile clinic in Northern Rakhine State.

    In Rakhine state, the resumption of conflict in November 2023 put a halt to Doctors Without Borders’ regular mobile clinics, where our teams treat 1,500 patients on a weekly basis. Route blockages and blanket travel restrictions due to active conflict in areas where we run these clinics made it impossible for Doctors Without Borders teams to even support emergency referrals for critically ill patients.

    Myanmar, October 2023. © Zoe Bennell/MSF

    MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း (၁၄) ခု ဖွင့်လှစ်ပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို လက်လှမ်းမမီသည့် လူနည်းစုအဖွဲ့များ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့သည်။

    ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ပြည်သူများအတွက် ကျွန်ုပ်တို့ အလွန်စိုးရိမ်ပါသည်။ ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်းနှင့် ဘေးကင်းရာသို့ ရွေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှုအထောက်အပံ့များ ရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကိုလည်း ရွေးချယ်စရာမရှိပဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပါသည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါလူထုအတွက် လိုအပ်ချက်များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရပါသည်။  
     

    ပဋိပက္ခများကြောင့် မဖြစ်မနေ နေရပ်ရွှေ့ပြောင်းလာခဲ့ရသည့် ဘူးသီးတောင်မှ ရိုဟင်ဂျာတစ်ဦးက “ကျွန်တော်တို့ အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲ့ဒါဆို ဒီလို ဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာထက် တူတူသေသွားတာက ပိုကောင်းဦးမယ်။” ဟု MSF ကို ပြောကြားခဲ့သည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ MSF အဖွဲ့များသည် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း နေရာအများစုတွင် ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ လမ်းပိတ်ဆို့ခြင်းကြောင့် ဆေးရုံများသို့ မသွားရောက်နိုင်ခြင်း၊ ဆေးဝါးနှင့် အခြေခံလိုအပ်ချက် ပစ္စည်းများကို ရွှေ့ပြောင်း၍ မရခြင်းတို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ရန် ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အလုံးစုံ ပျက်စီးမှုကို မျက်မြင်တွေ့ကြုံခဲ့ရပါသည်။ လူမှုအသိုက်အဝန်းအားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု နှင့် ခွဲစိတ်ကုသမှုကဲ့သို့ ထပ်ဆင့်စောင့်ရှောက်မှုများကို မရရှိကြတော့ပါ။ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့အဖွဲ့က သိရှိခဲ့ရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှု သို့မဟုတ် သန္ဓေသားသေဆုံးမှု (၉) ခုအထိ ရှိကြောင်း MSF က မှတ်တမ်းရရှိခဲ့ပါသည်။ ဧပြီလ ၁၅ ရက်တွင် ဘူးသီးတောင်ရှိ MSFရုံး နှင့် ဆေးဝါးသိုလှောင်ရာနေရာများ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါ ဒေသရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးမှာလည်း လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ပါ။

    လတ်တလောအခြေအနေအရ ထိုဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ်ကိုမူ ဆက်လက်ထားရှိဆဲ ဖြစ်ပါသည်။ အခြေအနေများ တိုးတက်မှုရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျွန်ုပ်တို့ ဆက်လက် ရှိနေဆဲဖြစ်ပါသည်။

    ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန် နှင့် အကာအကွယ်ပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝန်ထမ်းများ၏ အခြေအနေကို လေးစားပေးရန် ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို MSF က တောင်းဆိုပါသည်။ အဓိပ္ပါယ်မဲ့သော အသက်ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိခိုက်လွယ်သော ရပ်ရွာလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု  ချက်ချင်းပြန်လည်ပေးအပ်နိုင်ရန် လိုအပ်ပါသည်။