Skip to main content

    မြေပြင်မှ အသံများ - ပြင်းထန်တင်းကြပ်သော ပိတ်ပင်တားမြစ်မှုများကြားတွင် အကူအညီ လိုအပ်နေမှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လူထုကျန်းမာရေး ဝန်ထမ်းများ ကြိုးစားရုန်းကန်နေရ

    A Doctors Without Borders (MSF) staff carry supplies into the clinic in Sin Thet Maw village in Pauktaw township. Myanmar, March 2022. © Ben Small/MSF

    A Doctors Without Borders staff carry supplies into the clinic in Sin Thet Maw village in Pauktaw township. Myanmar, March 2022. © Ben Small/MSF

    နိုဝင်ဘာ (၁၃) ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မှာ တစ်နှစ်ကြာတည်ရှိခဲ့တဲ့ အလွတ်သဘောအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီး ပဋိပက္ခတွေ ပြန်လည် စတင်ခဲ့ပါတယ်။  အဲဒီအချိန်ကစလို့ ပြင်းထန်တင်းကြပ်တဲ့ သွားလာရေးကန့်သတ်မှုတွေဟာ  တစ်ပတ်ကို လူနာဆွေးနွေးကုသမှုပေါင်း ၁,၅၀၀ ခန့် ဆောင်ရွက် နေတဲ့ MSF ရဲ့ ရွေ့လျားဆေးခန်း ၂၅ ခု ဖွင့်လှစ်ရေးအတွက် အတားအဆီးတွေ ဖြစ်လာခဲ့ပါတယ်။

    ဆရာဝန်နဲ့ လူနာကြားမှာ ဖုန်းနဲ့ဆွေးနွေးကုသမှုလိုမျိုး နည်းလမ်းတွေ တတ်နိုင်သမျှ သုံးပြီး ဒီပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ ကြိုးစားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်၉ ပတ်အတွင်း မြေပြင်က လူနာတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ လူနည်းစုထဲက အချို့ကတော့ MSF ရဲ့ လူထုအခြေပြု ကျန်းမာရေးလုပ်သားတွေ ဖြစ်ကြပါတယ်။

    အောင်အောင် (အမည်လွှဲ) - မင်းပြား

    ဒေသခံရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာလူထု နှစ်ခုလုံးက ပြည်တွင်း နေရပ်စွန့်ခွာပြည်သူ ပေါင်း ၄,၀၀၀ ကျော်ကို အကူအညီပေးနေတဲ့ ဆေးခန်းဖြစ်တဲ့ မင်းပြားမြို့နယ်၊ အမ်းသားဆေးခန်းကို နိုဝင်ဘာ (၁၃) ရက်နေ့ကစလို့ MSF အဖွဲ့အနေနဲ့ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပါဘူး။ နိုဝင်ဘာ (၁၇) ရက်နေ့မှာတော့ MSF က အရေးပေါ် လူနာတွေ လွှဲပြောင်းညွှန်းပို့နေကျဖြစ်တဲ့ မင်းပြားပြည်သူ့ဆေးရုံဟာ မီးလောင်ကျွမ်းခဲ့ပါတယ်။

    ကျွန်တော့နာမည်က အောင်အောင် (အမည်လွှဲ) ပါ။ မြောက်ဦးစီမံကိန်းကနေ မင်းပြားမှာဖွင့်ထားတဲ့ အမ်းသားဆေးခန်းက CHW (လူထုကျန်းမာရေးဝန်ထမ်း ပါ။

    အလုပ်လုပ်ရတာ ကွာခြားတာကတော့ အရင်က အလုပ်တစ်ခုလုပ်တယ်ဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကို စိတ်ချလက်ချ အေးအေးဆေးဆေး လုပ်လို့ရတယ်ပေါ့။ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း  စိတ်ချလက်ချလုပ်လို့မရတော့ဘူး။ တစ်ခုခု ဖြစ်မလားပေါ့။ အဲ့လိုမျိုးတွေ စိုးရိမ်ရတယ်။ လမ်းသွားရင်လည်း လမ်းမှာ စစ်ကြောင်းတွေ ဖြတ်လာမလား ကြည့်ရသေးတယ်။ လယ်ထဲက ဆင်းပြီးသွားရတာမျိုးတွေလည်း ရှိတယ်။ မလုံခြုံတော့ဘူးပေါ့ အစ်မရယ်။

    အလုပ်လုပ်ရတာကလည်း ကိုယ်က CHW ဆိုတော့ အများကြီးမသိဘူး။ CHW တွေကို သင်ပေးထားတာလောက်ပဲ ကျွမ်းကျင်တယ်။ အဲဒီလိုဆိုတော့ ဆရာမတွေနဲ့ ဖုန်းဆက်ပြီး လူနာတွေ ကြည့်ရတယ်။ တစ်ခါတလေ ဖုန်းကော်နက်ရှင် မကောင်းတာတွေ ရှိတော့ အခက်အခဲ ဖြစ်တယ်။ ဒါပေမဲ့ အပတ်စဉ်တော့ လုပ်ပေးပါတယ်။

    “လူနာတွေအတွက် ပိုပြီး စိတ်ပူတယ်။ လစဉ်ဆေးယူသောက်နေရတဲ့ လူနာတွေ၊ အရေးပေါ်လူနာတွေအတွက် ပိုပြီး စိတ်ပူရမယ်လို့ ထင်တယ်။”

    သွေးတိုး၊ဆီးချိုလို NCD (မကူးစက်နိုင်သောရောဂါများ) လူနာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ကို ပေးစရာ ဆေး ကျွန်တော်တို့လက်ထဲမှာ မရှိဘူး။ ရုံးဘက်က ဘယ်လို စီစဉ်ပေးမလဲ မသိရသေးဘူး။ လက်ရှိကတော့ ကျွန်တော်တို့ဆီမှာ ANC (ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု) အတွက် ဆေးတွေ ပေးထားတယ်။ ပြီးတော့ အတက်လူနာတွေအတွက် ဆေးပေးထားတာရှိတယ်။ NCD လူနာတွေအတွက်တော့ ဘာမှလုပ်ပေးလို့ မရသေးဘူး။

    “ဆီဈေးတွေကလည်း တက်တော့ သွားရလာရတဲ့ အပိုင်းမှာ အခက်အခဲတွေတော့ ရှိတယ်။ တကယ်လို့ မင်းပြားက မြို့ပေါ်ဆေးခန်း သွားပြမယ်ဆိုရင်တောင် ခရီးစရိတ်က လူတစ်ယောက်ကို အသွားအပြန်ဆို ၆၀,၀၀၀ (ကျပ်) ဝန်းကျင် ရှိတယ်။ ဒါတောင် မြို့ပေါ်နဲ့ ကျွန်တော်တို့နဲ့က ငါးမိုင်ပဲ ဝေးတာနော်။ သိပ်ဝေးတာ မဟုတ်ဘူး။ အဲဒီတော့ မြို့ပေါ်သွားဖို့ ခရီးစရိတ်က ဆေးခန်းစရိတ်ထက် ပိုများသွားပြီလေ။  ဒီဈေးတွေက နိုင်ငံရေး မငြိမ်သက်တော့မှ ဖြစ်လာတာ။ အရင်ကဆို တစ်ယောက်ကို ၂,၀၀၀ - ၂,၅၀၀ ပဲ။”

    လူနာတွေအတွက် ပိုပြီး စိတ်ပူတယ်။ လစဉ်ဆေးယူသောက်နေရတဲ့ လူနာတွေ၊ အရေးပေါ်လူနာတွေအတွက် ပိုပြီး စိတ်ပူရမယ်လို့ ထင်တယ်။ ဒီလမ်းပိတ်ထားသ၍တော့ ဒီတိုက်ပွဲတွေ ဖြစ်နေသ၍တော့ မင်းပြားမှာလည်း ဆေးဆိုင်တွေ၊ ဆေးခန်းတွေက ပိတ်ထားဦးမှာပဲ ဆိုတော့လေ။

    မင်းသူ (အမည်လွှဲ) - ပေါက်တော

    မင်းသူက နေရပ်ရွှေ့ပြောင်းလူထုတွေ နေထိုင်ရာ ရခိုင်ပြည်နယ်၊ ပေါက်တောမှာရှိတဲ့ ကြိမ်နီပြင်စခန်းက လူထုကျန်းမာရေးဝန်ထမ်းတစ်ဦးပါ။ ရိုဟင်ဂျာအများစု နေထိုင်ကြတဲ့ ကြိမ်နီပြင်စခန်းကတော့၂၀၁၂ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာကြရသူပေါင်း ၇,၅၀၀ ရဲ့ နားခိုရာ ဖြစ်ပါတယ်။ ပေါက်တောမြို့နယ်ဟာ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရတာအပြင် အစုလိုက်အပြုံလိုက် နေရပ်ရွှေ့ပြောင်းမှုတွေလည်း ရှိခဲ့ပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေထဲမှာ အဆိုးရွားဆုံး ထိခိုက်မှုတွေ ရှိခဲ့တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ပေါက်တောပြည်သူ့ဆေးရုံကို ပိတ်လိုက်ရသလို နေရပ်စွန့်ခွာပြည်သူတွေ နေထိုင်တဲ့ စခန်းတွေ အပါအဝင် ပေါက်တော အဝင်အထွက်အသွားအလာအားလုံးကိုလည်း လက်ရှိမှာ ဆောင်ရွက်လို့ မရနေပါဘူး။ MSF နဲ့ အခြားသော အဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်ပေးမှုတွေ ပြုလုပ်ဖို့ အတားအဆီးများစွာ ကြုံတွေ့ရတဲ့နည်းတူ အရေးပေါ်အသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ လူနာတွေကို လွှဲပြောင်းပို့ဆောင်ရေးဟာလည်း  ပိုပိုပြီး ခက်ခဲလာပါတယ်။

    ကျွန်တော့်နာမည်က မောင်မင်းသူ (အမည်လွှဲ) ဖြစ်ပါတယ်။ အသက်ကတော့ ၃၃ နှစ်ပါ။ CHW (လူထုကျန်းမာရေးဝန်ထမ်း) ပါ။ ကျွန်တော်က ရပ်ရွာထဲမှာ တစ်အိမ်တက်ဆင်း ကျန်းမာရေး အသိပညာပေးတယ်။ ပြီးကျရင် ဆေးခန်းဖွင့်တဲ့ရက်မှာ (ရွှေ့လျားဆေးကုသရေးအဖွဲ့)ကို ဝိုင်းကူလုပ်ပေးတယ်။ ဘာသာပြန်ပေးတယ်။ အရေးပေါ်လူနာရှိရင် ကျွန်တော်က ဆေးခန်းကို အရေးပေါ်လူနာလွှဲပြောင်းပေးပါတယ်။

    တိုက်ပွဲတွေဖြစ်တော့ သွားရလာရ အခက်အခဲဖြစ်နေတယ်။ ပြီးကျရင် စားရေးသောက်ရေး။ ဒီမှာက ရိက္ခာလည်း ပုံမှန်မရဘူး။ ကုန်ဈေးနှုန်းတွေကလည်း အရမ်းတက်တယ်ပေါ့နော်။ အဲဒီလိုမျိုး ခက်ခဲနေတယ်။

    Doctors Without Borders counsellors and community-based health workers provide ongoing support to patients in villages, health clinics, and internally displaced peoples’ camps. These photos were taken before Cyclone Mocha, which has increased the needs for mental health support in Rakhine state. Myanmar, March 2023. © Zar Pann Phyu/MS

    Doctors Without Borders counsellors and community-based health workers provide ongoing support to patients in villages, health clinics, and internally displaced peoples’ camps. This photo was taken before Cyclone Mocha, which has increased the needs for mental health support in Rakhine state. Myanmar, March 2023. © Zar Pann Phyu/MSF

    အရင်ကတော့ သူတို့ (အာဏာပိုင်များ) ကို အကြောင်းကြားပြီး သွားရင်ရတယ်။အခုက လုံးဝမရဘူး။ သူတို့ တားမြစ်ထားတယ်။ လုံးဝမသွားခိုင်းဘူး။ မလာနဲ့ မသွားနဲ့လို့ ပြောတယ်။

    အခုဆေးခန်းကလည်း အရင်လို ဖွင့်လို့မရတော့ လူနာတွေအတွက် အဆင်မပြေ ဖြစ်ကြတယ်။

    အရေးပေါ်လူနာတွေကျရင် လူနာလွှဲပြောင်းညွှန်းပို့ရေးဆိုင်ရာ ဆရာဝန် နဲ့ ဆက်သွယ်တယ်။ ကျွန်တော်က သွေးပေါင်တိုင်း၊ နှလုံးခုန်းနှုန်း  အဲဒါတွေ တိုင်းပြီးမှ ဆရာမတွေကို ပြောတယ်။ ပြီးတော့ သူတို့ ပြောတဲ့အတိုင်း လုပ်ပါတယ်။ ဒါပေမဲ့ ဆရာမတွေကိုယ်တိုင် လူနာကို မကြည့်ရတော့ အားနည်းချက်တွေ ရှိတယ်။

    ရုံးဘက်ကလည်း အခက်အခဲတွေ ရှိတဲ့ကြားက ကျွန်တော်တို့ဆီကို ဆေးရောက်အောင် ပို့ပေးပါတယ်။ CHW တွေလက်ထဲမှာလည်း ဆေးတွေ ပေးထားတယ်။

    နောက်ပိုင်းအတွက် စိတ်လည်းပူတယ်။ ပြီးကျရင် စိုးရိမ်လည်း စိုးရိမ်တယ်။ ဒီလိုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ( တိုက်ပွဲများကြောင့် အသွားအလာ ပိတ်ဆို့မှု) အဖွဲ့အစည်းကလည်း လာလို့ မရဘူးဆိုရင် လူနာတွေအတွက် အခက်အခဲတွေ အများကြီး ရင်ဆိုင်ရဖို့ ရှိပါတယ်။

    ရန်နိုင် (အမည်လွှဲ) - ရသေ့တောင်

    ရသေ့တောာင်မှာတော့ ၂၀၁၉ ခုနှစ်တုန်းက ပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာခဲ့ကြတဲ့ ဒေသခံရခိုင်တိုင်းရင်းသားအများစု လက်ရှိ နေထိုင်ရာ နေရပ်ရွှေ့ပြောင်းသူများစခန်းတွေ အများအပြားရှိပြီးတော့ ဒီစခန်းတွေဟာ မြို့နဲ့ကပ်လျက်မှာ နီးကပ်စွာ တည်ရှိနေပါတယ်။ မကြာသေးမီက ဒေသတွင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ဒီစခန်းတွေမှာ နေထိုင်ကြသူတွေဟာ လုံခြုံရေးအတွက် ပိုပြီးဝေးလံတဲ့ နေရာတွေကို သွားရောက်တိမ်းရှောင်ကြရပါတယ်။ ဒီလူထုထဲမှာ MSF ရဲ့ လူထုကျန်းမာရေးဝန်ထမ်းတွေလည်း အပါအဝင် ဖြစ်ပါတယ်။

    လောလောဆယ်က ဒီကမ့်နားမှာ တိုက်ပွဲတွေဖြစ်တော့ မြို့ပေါ်မှာနေတဲ့ IDP (နေရပ်ရွှေ့ပြောင်းသူများ) ကမ့်က လူတွေက လုံခြုံမယ်ထင်တဲ့နေရာတွေကို ပြောင်းရွှေ့ကြတာပေါ့။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့နေတဲ့ ကမ့်နားမှာပဲ လက်နက်ကြီးတစ်လုံးကျတယ်။ လက်နက်ကြီးကျပြီးတော့ ကမ့်ကလူတွေ အကုန်လုံး တစ်ယောက်မကျန် လုံခြုံတဲ့နေရာကို ပြေးကြတယ်။ ကျွန်တော်လည်း ပါလာတာပေါ့။

    လုံခြုံရေးနဲ့ ပတ်သက်ရင် သတင်းတွေကတော့ တစ်နေ့တစ်မျိုးကြားရတာပဲ။ ရေလမ်းတွေ ပိတ်ထားတယ်။ ကုန်းလမ်းတွေက အစ ပိတ်ထားတာတွေ ရှိတယ်။ ပြီးရင် ရသေ့တောင်မြို့ပေါ်ကနေ လက်နက်ကြီးပစ်တာတွေ ရှိတယ်။

    တစ်နေရာကနေ တစ်နေရာ ပြောင်းရတာဆိုတော့ နေတဲ့နေရာတို့၊ အစားအသောက်က အစ အဆင်မပြေဘူးပေါ့။ ကုန်ဈေးတွေတက်တာတို့၊ ဈေးတက်တာထက် ရှားပါးတာ၊ ဝယ်မရတာတွေ ရှိတယ်။ အခုနေတဲ့နေရာမှာ ဆိုးတာတစ်ခုက လျှပ်စစ်မီးမရှိတော့ ဖုန်းသုံးရတာ အဆင်မပြေဘူး။ ဘတ္ထရီဆိုလည်း ချွေတာရတယ်။

    “လမ်းတွေပိတ်ထားတော့ စားနပ်ရိက္ခာတွေ ရှားပါးပြီး အငတ်ဘေးဆိုက်မှာကို စိုးရိမ်ပါတယ်။ အဓိက စိုးရိမ်တာကတော့ ကျန်းမာရေးနဲ့ အစားအသောက်ပါပဲ။”

    ပြန်ရဖို့ကတော့ လောလောဆယ် ဖြစ်နိုင်မယ် မထင်သေးဘူး။ စစ်ရေးအခြေအနေက နှစ်ဖက်တင်းမာနေတာ ပေါ့။ ပြီးတော့ အခြားမြို့တွေ၊ အခြားနေရာတွေကနေ ကြားတာက အရပ်သားပြည်သူတွေကို ဖမ်းတာတို့၊ လူသားကာဗာ လုပ်တာတို့ အဲဒီလိုတွေကြားတော့ မပြန်ရဲကြဘူး။

    ကျွန်တော်တို့ အခုနေတဲ့ဘက်မှာ NCD (မကူးစက်နိုင်သောရောဂါများ) လူနာတွေပါတယ်။ သူတို့က ကျွန်တော်တို့ ဆေးခန်းမှာ အမြဲတမ်းပြနေတဲ့ လူနာတွေဆိုတော့ သူတို့ ဆေးကုန်ပြီဆိုရင် ကျွန်တော်က MD (ဆရာဝန်) ဆီကို ဆက်ပြီး ဆေးထုတ်လို့ရမရ မေးတာပေါ့။ 

    လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတဲ့အခါကျ တချို့ နေမကောင်းတဲ့လူနာတွေ ဆေးခန်းပြချင်တယ် ဒါပေမဲ့ ပြလို့မရတဲ့အခြေအနေတွေရှိလာမယ်။ လမ်းတွေပိတ်ထားတော့ စားနပ်ရိက္ခာတွေ ရှားပါးပြီး အငတ်ဘေးဆိုက်မှာကို စိုးရိမ်ပါတယ်။ အဓိက စိုးရိမ်တာကတော့ ကျန်းမာရေးနဲ့ အစားအသောက်ပါပဲ။

    လွန်ခဲ့တဲ့လတွေမှာ မြန်မာနိုင်ငံတစ်ခွင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အတိုင်းအဆဟာ ယခင်က မကြုံဖူးတဲ့ အနေအထား ဖြစ်သလို တိုက်ပွဲဖြစ်ပွားရာ ဒေသတွေနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ အသက်ကယ်ဝန်ဆောင်မှု ပေးတဲ့နေရာတွေက အလုပ်မလုပ်တော့တာမျိုး၊ ဝန်ဆောင်မှု အကန့်အသတ်နဲ့ပဲရတာမျိုး၊ ဒါမှမဟုတ် ဒီဒေသတွေကို သွားရောက်ဖို့ အန္တရာယ်ရှိတာမျိုးတွေကြောင့် ဒေသခံပြည်သူတွေအတွက် သက်ရောက်မှု ကြီးစွာဖြစ်စေခဲ့ပါတယ်။ 

    ရခိုင်ပြည်နယ်က လူထုဟာ အရင်ကတည်းက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပေါ် များစွာ မှီခိုနေရပြီး ကန့်သတ်ချက်များစွာ ရှိနေလို့ လွတ်လပ်စွာ သွားလာခွင့်မရကြသူတွေ ဖြစ်ပါတယ်။ ပဋိပက္ခတွေ မဖြစ်ခင်က ပေးအပ်ခွင့်ရထားတဲ့ အထောက်အပံ့တွေဟာ အသက်ကယ်ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် MSF ရဲ့ ရွေ့လျားဆေးခန်းတွေ ဆောင်ရွက်ရာ ဝေးလံတဲ့ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အခြားသော ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေကို ရယူဖို့ မတတ်နိုင်ကြတဲ့ လူထုအတွက် အများကြီး အရေးပါပါတယ်။

    လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေရဲ့ ရခိုင်ပြည်နယ်အတွင်း လက်လှမ်းမီသွားလာနိုင်မှုဟာ အမြဲတမ်း ထိန်းချုပ်ခံထားရတယ်ဆိုသော်ငြားလည်း လက်ရှိသွားလာခွင့်ပိတ်ပင်မှုတွေ ရှည်ကြာစွာ ဆက်လက်တည်ရှိ နေမယ်ဆိုရင် လူထုရဲ့ ကျန်းမာရေးအပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

    Reproductive healthcare patients wait to be seen in Doctors Without Borders (MSF)’s clinic in Sin Thet Maw village in Pauktaw township. Myanmar, March 2022. © Ben Small/MSF

    Reproductive healthcare patients wait to be seen in Doctors Without Borders’s clinic in Sin Thet Maw village in Pauktaw township. Myanmar, March 2022. © Ben Small/MSF

    MSF ရဲ့ လူထုကျန်းမာရေးဝန်ထမ်းတွေက ပုံမှန်သောက်နေကျဆေး ပြတ်သွားတဲ့ လူနာတွေ၊ ဆရာဝန်တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အခက်အခဲဖြစ်တာတွေ၊ လူနာတွေအနေနဲ့ ထပ်ဆင့်ကုသမှုတွေကို လက်လှမ်းမီ မရရှိမှု၊ အဝေးတစ်နေရာမှာ ရနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သွားရောက်ရယူဖို့ မတတ်နိုင်မှုတွေကို မြင်တွေ့နေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နေရပ်စွန့်ခွာစခန်းများ ပူးပေါင်းဆောင်ရွက်ရေး နဲ့ စီမံခန့်ခွဲရေးအဖွဲ့ ရဲ့ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ နိုဝင်ဘာ (၁၃) ရက်ကစလို့ ရခိုင်ပြည်နယ်မှာ လောလောလတ်လတ် နေရပ်ရွှေ့ပြောင်းလာသူပေါင်း ၁၂၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းဟာ လျော့ကျမယ့် အရိပ်အယောင်လည်း မရှိပါဘူး။

    ရခိုင်ပြည်နယ် အလယ်ပိုင်းက ဆေးရုံတွေဟာလည်း လက်နက်ကြီး ထိမှန်တာ သို့မဟုတ် ဝန်ထမ်းတွေ ဘေးကင်းရာကို ရှောင်သွားကြတာကြောင့် အခွံလိုက်ကျန်ခဲ့တာတွေ ဖြစ်နေပါတယ်။ MSF က လူနာလွှဲပြောင်းညွှန်းပို့နေကျ ရခိုင်ပြည်နယ်အလယ်ပိုင်းက ဆေးရုံနှစ်ရုံဟာ လုပ်ငန်းဆောင်ရွက်မှု မရှိတော့သလို မင်းပြားပြည်သူ့ဆေးရုံဟာလည်း နိုဝင်ဘာ (၁၇) ရက်နေ့မှာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ MSF ရဲ့ လူထုကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ အရေးပေါ်လူနာ လွှဲပြောင်းညွှန်းပို့မှုအချို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆေးရုံဆေးခန်းတွေက လုပ်ငန်းဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် အချို့နေရာတွေမှာတော့ ဝန်ထမ်းအင်အားနည်းပါးပြီး ဆေးပစ္စည်းပမာဏ အကန့်အသတ်နဲ့ ဆောင်ရွက်နေကြသလို အချို့ကလည်း လုံခြုံမယ့်နေရာရှာရင်း ဟိုဟိုဒီဒီ ပြောင်းရွှေ့နေထိုင်ကြတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ ဆေးပစ္စည်းတွေကို ပိုပြီးဝေးလံတဲ့ဒေသတွေဆီ ရွှေ့ပြောင်းပြီး လုပ်ငန်းဆောင်ရွက်ကြပါတယ်။

    လက်လှမ်းမီသွားလာနိုင်တဲ့လမ်းကြောင်းတွေ ပိတ်ဆို့ထားတာ နဲ့ အကူအညီပေးဖို့ ခွင့်ပြုချက် မရရှိတာတွေကြောင့် MSF ရဲ့ ဆေးခန်း ၂၅ ခုဟာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ ဒီကန့်သတ်မှုတွေဟာ အခြားသော လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေအပေါ်လည်း သက်ရောက်မှု ရှိတာကြောင့် ပုံမှန်ဆောင်ရွက်နေကျ အထောက်အပံ့တွေ ပေးအပ်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ဆေးရုံဆေးခန်းတွေ နဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေ ဆက်လက် လုပ်ငန်းဆောင်ရွက်နိုင်စေရေး၊  ရခိုင်ပြည်နယ်က လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ လက်လှမ်းမီရယူနိုင်ရေးတို့ကို  သေချာစေရန် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးက ကူညီပေးသင့်ပါတယ်။

    Categories