Skip to main content

    မြန်မာနိုင်ငံတွင် COVID-19 ကို တုံ့ပြန်ဆောင်ရွက်မှု :  ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့ထံမှ ပေးစာ

    Responding to COVID-19 in Myanmar: a letter from the team on the ground

    မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကစင့်ကလျား ဖြစ်နေသည့်အခြေအနေတွင် ရှိနေသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းရက်များတွင် ကျန်းမာရေး ဝန်ထမ်းများက ၎င်းတို့၏ အလုပ်များမှ ဖယ်ခွာကာ အစိုးရဝန်ထမ်းပေါင်းစုံ ပါဝင်သပိတ်မှောက်ကြသည့်  အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ခဲ့ကြသည်။ အများစုမှာ လုပ်ငန်းခွင်သို့ ပြန်မလာခဲ့ကြပေ။ သပိတ်မှောက်နေကြသည့်ကျန်းမာရေးဝန်ထမ်းများမှာ စစ်အာဏာရှင်များ တိုက်ခိုက်ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည့် ကြားက လျှို့ဝှက်ဆေးခန်းများတွင် ဆက်လက်ကုသမှု ပေးလျက်ရှိကြသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၂၈ ဦးခန့် သတ်ဖြတ်ခံရပြီး ၉၀ ဦးခန့်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

    မြန်မာနိုင်ငံ၏ ခက်ခဲနေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကူးစက်မှုကျယ်ပြန့်ပြီး အထိအခိုက်များခဲ့သည့် COVID-19 ကပ်ရောဂါ ပြန့်ပွားမှုနှင့် တွေ့ဆုံသည့်အခါ ဆေးရုံများတွင် လူနာများ မြန်ဆန်စွာ ပြည့်နှက်လာခဲ့သည်။

    ၂၀၂၁ နှစ်ကုန်ခါနီးတွင် မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့ MSF အဖွဲ့မှ ဆောင်ရွက်ခဲ့သည့် COVID-19 တုံ့ပြန်ဆောင်ရွက်မှု များအနက်မှ ဂုဏ်ယူနိုင်ဖွယ်များ၊ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သင့်သည်များ၊ ဝေခွဲမရဖြစ်ခဲ့ရသည်များ၊ ကန့်သတ်ချက်များနှင့် တစ်ခါတရံတွင် အဆင်မပြေစွာ ချမှတ်ခဲ့ရသည့် ဖြေရှင်းချက်များတို့ကို ပြန်လည်ကြည့်ရှု သုံးသပ်ထားပါသည်။

    လူများပြည့်သိပ်နေသည့် မီးသင်္ဂြိုလ်စက်များနှင့် ဆေးဝါးကင်းမဲ့သော စင်အလွတ်များ

    COVID-19 ရောဂါ ကူးစက်ခြင်းများ မြင့်တက်လာသည်နှင့်အမျှ ဆေးရုံတင်ရန် ခက်ခဲလာပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ငယ်များနှင့် မြို့ကြီးများမှ မရေတွက်နိုင်သည့် ပြည်သူများသည် အိမ်ရှိလူနာကို အောက်ဆီဂျင်ပေးနိုင်ရန် ပျားပန်းခတ်မျှ ကိုယ်တိုင်အရှာထွက်နေကြရသည်။

    မီးသင်္ဂြိုလ်စက်များသည်လည်း အလောင်းများကို အလျင်မီအောင် သင်္ဂြိုလ်ပေးနိုင်ခြင်း မရှိတော့ပါ။ အချိန်မှန် ပြသရသည့် အကြံပေးဆွေးနွေးပေးမှုများ၊ ခွဲစိတ်ကုသမှုများနှင့် ကာကွယ်ဆေးထိုးနှံမှုများကို ဖျက်သိမ်းရပြီး ကျန်ရစ်သည့် ကျန်းမာရေးအဖွဲ့အနည်းငယ်ဖြင့်သာ ကပ်ရောဂါကို ရင်ဆိုင်ကြရသည်။ စိုးရိမ်ကြီးစွာဖြင့် အလွန်အမင်း ဝယ်ယူခြင်းက ဆေးဆိုင်များတွင် ဆေးဝါးကင်းမဲ့သည့် စင်အလွတ်များသာ ကျန်ရစ်စေခဲ့သည်။

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကျွန်ုပ်တို့၏ ကုသမှုစင်တာမှ အသက် ၃၄ နှစ်အရွယ် လူနာစောင့်တစ်ဦးဖြစ်သူ နောင်တိန်းက ၎င်း၏ယောက္ခထီးဖြစ်သူ COVID-19 ကူးစက်ခံရချိန်တွင် ၎င်းတို့နေထိုင်ရာ ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူရှိ ဒေသတွင်းဆေးရုံတွင်သာမက နှစ်နာရီခရီးသာ ကွာဝေးသည့် ရန်ကုန်တွင်လည်း  ဆေးရုံ တင်ခွင့်မရခဲ့ကြောင်းကို MSF အား ပြောပြခဲ့သည်။

    “အဲ့ဒီအချိန်တုန်းက အမေရိကမှာနေတဲ့ ကျွန်တော်တို့အမျိုးဆရာဝန်တွေက မက်ဆင်ဂျာဂရုချက်တစ်ခုလုပ်ပြီး အဖေ့ကို အဝေးကနေ လှမ်းပြီး ကုပေးကြတယ်။ ဆေးကိုတော့ ကိုယ့်ဘာသာ ဝယ်ရတာပေါ့။ အောက်ဆီဂျင်ရဖို့နဲ့ ဆလင်ဒါတွေရဖို့လည်း စီစဉ်ရသေးတယ်။” ဟု သူကဆိုသည်။ “ဆေးမထိုးတတ်တဲ့အမျိုးတွေကပါ ဆေးထိုးတာတွေ လုပ်ရတာ။ ပြီးတော့ ဆေးတွေကလည်း ဈေးအရမ်းကြီးခဲ့တာ။”

    COVID-19 လူနာများတွင် ဖြစ်လေ့ရှိသော သွေးခဲခြင်းကို ကုသသည့် ဆေးတစ်မျိုးသည် ဝယ်လိုအားများခြင်း ကြောင့် ဆေးတစ်လုံးလျှင် မြန်မာကျပ်ငွေ ၄၀,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ) အထိ မြင့်တက် သွားခဲ့သည်။ အထက်ဖော်ပြပါ လူနာမှာ အဆိုပါဆေးကို တစ်နေ့ နှစ်လုံး သောက်ရသည်။ နောင်၏ မိသားစုမှာ အောက်ဆီဂျင်ဆလင်ဒါတစ်လုံးသာ ရှာနိုင်သောကြောင့် ထိုဆလင်ဒါကို အောက်ဆီဂျင်ဖြည့်ရန် ရန်ကုန်သို့ တစ်ရက်ခြားတစ်ခါ သွားရောက်ရသည်။ အဆုံးသတ်တွင် သူ၏ ယောက္ခထီးဖြစ်သူမှာ အောက်ဆီဂျင်အလုံ အလောက် မရရှိသဖြင့် ကပ်ရောဂါကို အနိုင်မတိုက်နိုင်ခဲ့ပါ။

    ၂၀၂၁ နှစ်ကုန်တွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀,၀၀၀ ကျော်ခန့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ အဆိုပါအရေအတွက်မှာ အရှေ့တောင် အာရှတွင် စတုတ္ထအများဆုံး လူသေနှုန်းဖြစ်သည်။ သို့သော် ၎င်းကိန်းဂဏန်းများသည် ဆေးရုံတွင် သေဆုံးသူများကိုသာ ရေတွက်ထားခြင်းဖြစ်သောကြောင့် မမှန်ကန်ပါ။ ဆေးရုံဆေးခန်းများ၌ လူနာများ ပြည့်နှက်နေချိန်တွင် နောင်၏ ယောက္ခထီးကဲ့သို့ အိမ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အပြင်လူနာများမှာ မရေတွက်နိုင်ပါ။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း နှင့် အဖွဲ့ဝင်များ၏ မိသားစုများတွင် အချို့သော နာရေးများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့သည် တရားဝင်ရေတွက်သည့် ကိန်းဂဏန်းများတွင် မပါဝင်သောကြောင့် အဆိုပါ အခြင်းအရာကို ကျွန်ုပ်တို့ သိရှိခဲ့သည်။ ကပ်ရောဂါဖြစ်ပွားမှုများကို တုံ့ပြန်ဆောင်ရွက်ခဲ့ပေးခဲ့သည့် ကျွန်ုပ်တို့၏ အတွေ့အကြုံအရ မည်သူမှ အတိအကျ မသိနိုင်သည့် အစစ်အမှန်ကိန်းဂဏန်းသည် လက်ရှိဖော်ပြထားသည့် ကိန်းဂဏန်းများထက် အဆပေါင်းများစွာ များပြားနေမည်မှာ မလွဲဧကန်ဖြစ်သည်။

    ရောဂါကုသမှုဖြစ်စဉ်နှင့် အလားတူပင် ရောဂါပိုးရှိမရှိကို ထိရောက်စွာ စစ်ဆေးနိုင်စွမ်းလည်း မရှိသော စစ်အစိုးရသည် ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း မရရှိသဖြင့် အပြင်းထန်ဆုံးသောရောဂါလက္ခဏာ ပြနေသူများကိုသာ နှာခေါင်းတို့ဖတ်စစ်ဆေးခြင်း ပြုလုပ်ပေးနိုင်သောကြောင့် ရောဂါကူးစက်ခံရနှုန်းသည်လည်း ၃၅ မှ ၄၀ % ပတ်လည်တွင်သာ ဖော်ပြနိုင်သည်။

    MSF medical doctor sets up an oxygen concentrator in the MSF COVID-19 ward in Yangon’s Aung San Tuberculosis Hospital on 26 July 2021 as the facility prepares to open to treat patients affected by Myanmar’s third wave of the pandemic.

    © Ben Small/MSF  

    MSF မှ တုံ့ပြန်ဆောင်ရွက်ခဲ့ပုံ

    MSF က အလယ်အလတ်မှ ပြင်းထန်ရောဂါလက္ခဏာရှိသူ လူနာများကို လက်ခံကုသပေးနိုင်သည့် COVID-19 ကုသမှုစင်တာ ၃ ခုကို မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနား နှင့် ဖားကန့် မြို့နယ်တို့တွင် ဖွင့်လှစ်ခွင့်ရခဲ့သည်။

    ကျွန်ုပ်တို့၏ လူ့စွမ်းအားအရင်းအမြစ်ဌာနက ရက်သတ္တပတ်အနည်းငယ်အတွင်း ဝန်ထမ်းပေါင်း ၁၅၀ ကျော် ခန့်အပ်ပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကလည်း အသက်ကယ် အောက်ဆီဂျင်ထုတ်လုပ်စက်များ အပါအဝင် COVID-19 လူနာများအတွက်  အခြားသော လိုအပ်သည့် ပစ္စည်းကိရိယာများ နှင့် ပြန်လည်ပြင်ဆင်ထားသည့် ဆေးခန်းနေရာများကို ပံ့ပိုးပေးခဲ့သည်။ လူနာများ အတွက် အရည်အသွေးပြည့်ဝသည့် စောင့်ရှောက်မှုများကို ပေးအပ်နိုင်စေရန် ကျွန်ုပ်တို့၏ ကျန်းမာရေး ဝန်ထမ်းများက ဆရာဝန်များ၊ သူနာပြုများ နှင့် အကူများပါဝင်သည့် အဖွဲ့များကို သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

    ထိုသို့ အချိန်တိုအတွင်း ကုသမှုပေးအပ်နိုင်ရန် အထူးသဖြင့် မိမိတို့အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများကို COVID-19 ကူးစက်ခံနေရချိန်တွင် ဆောင်ရွက်နိုင်ရန်အတွက် မယုံနိုင်လောက်အောင်များသည့် အလုပ်တာဝန်များ ကို ဆောင်ရွက်ရသည်။ မှတ်မှတ်ရရ ဖြစ်ရပ်တစ်ခုမှာ ကျွန်ုပ်တို့အဖွဲ့သားအချို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြင်းပြင်းထန်ထန် ဖျားနာခဲ့သော်လည်း တစ်ယောက်မျှ အဖိတ်အစင်မရှိခဲ့ပါ။ သို့သော် အချို့မိသားစုဝင်များကိုမူ ကိုဗစ်ကာလတွင် ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဖြစ်ခဲ့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု အလျင်အမြန် လိုအပ် နေသည့် လူနာများအတွက် ကုသရေးစင်တာများ ပုံမှန်လည်ပတ်နိုင်ရန် ကျွန်ုပ်တို့အချင်းချင်း ကြည့်ရှု စောင့်ရှောက်ပြီး အားတင်းကာ အချိန်ပိုများ လုပ်ကိုင်ပေးခဲ့ကြသည်။

    အလွန်ပြင်းထန်သည့်အခြေအနေဖြင့် စင်တာသို့ရောက်ရှိလာသည့် လူနာအချို့ကို မကယ်တင်နိုင်ခဲ့သော်လည်း အချို့လူနာများမှာမူ ရောဂါခံစားနေရမှုများ သိသိသာသာ သက်သာသွားခဲ့ကြသည်။ HIV ပိုးရှိနေသည့် လူနာအမျိုးသမီးတစ်ဦးသည် စင်တာသို့ရောက်ရှိလာချိန်တွင် အသက်ကို ခက်ခဲစွာ ရှူနေရသည့် အခြေအနေ ဖြစ်နေသော်လည်း ငါးရက်အတွင်း အောက်ဆီဂျင်မလိုအပ်တော့ဘဲ အခြားလူနာတစ်ဦးအတွက် နေရာပေးနိုင်ရန် စင်တာမှ ဆင်းနိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။

    အခြားသူများကမူ ဖြည်းဖြည်းမှန်မှန် တိုးတက်လာခဲ့သည်။ ကျွန်ုပ်တို့၏ မြစ်ကြီးနားဆေးခန်းတွင် ၄၆ ရက်ကြာ ကုသမှု ခံယူခဲ့သည့် အသက် ၆၄ နှစ်အရွယ် အမျိုးသမီးမှာမူ သူမ၏ အဆုတ်ကျန်းမာရေး တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာကာ အောက်ဆီဂျင်ပမာဏမှာ အိမ်သို့ပြန်နိုင်သည့်အနေအထားအထိ ရောက်ရှိလာခဲ့သည်။

    လက်ခံနိုင်သည့် အဖြေမရှိသည့်အချိန်များတွင်

    ကျွန်ုပ်တို့အနေဖြင့် တုံ့ပြန်ဆောင်ရွက်ချက်များကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်သည့် အရည်အချင်းရှိသည့် အပြင် ပိုမို ဆောင်ရွက်ပေးသင့်သည့် အခြေအနေလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများတွင် ရောဂါကူးစက်မှုများ စတင် ဖြစ်ပွားသည့်အချိန်၌ ဆရာဝန်အလိုအပ်ဆုံးဒေသ ဖြစ်သည့် ချင်းပြည်နယ်တွင် မည်သို့ တုံ့ပြန်ဆောင်ရွက် ရမည်ဆိုသည်ကို လေ့လာဖော်ထုတ်ရန် MSF က ကြိုးပမ်းခဲ့သော်လည်း နေပြည်တော်ရှိ တာဝန်ရှိသူများက လုံခြုံရေးစိုးရိမ်ရမှုကြောင့်ဟုဆိုကာ ကျွန်ုပ်တို့၏ ခရီးစဉ်များကို ပိတ်ပင်ခဲ့သဖြင့် လိုအပ်သည့် အရင်းအမြစ်များ နည်းပါးနေသည့် အဆိုပါဒေသများသို့ အဓိက အရေးပါသည့် ဆေးဝါးဆိုင်ရာအထောက်အပံ့များ ပေးပို့ခြင်းသာ လုပ်ပေးနိုင်ခဲ့သည်။

    နေရာသုံးနေရာတွင် COVID-19 တုံ့ပြန်ဆောင်ရွက်ချက်များကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရခဲ့ သည့်အချိန်တွင်လည်း ဒေသခံကျန်းမာရေးဌာနမှ တာဝန်ရှိသူများအားလုံးက သဘောမတူခဲ့ကြပါ။

    ဩဂုတ်လ ၁၁ ရက်နေ့တွင် ရှမ်းမြောက်ဒေသ၏ မြို့တော်ဖြစ်သည့် လားရှိုးတွင် ကုသရေးနေရာတစ်ခုဖွင့်လှစ်ကာ စတင်ကူညီပေးခဲ့သော်လည်း လားရှိုးကျန်းမာရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်တို့၏ ကုသရေးစင်တာကို ပိတ်သိမ်းရန်  ဩဂုတ်လ ၁၅ ရက်နေ့တွင် အမိန့်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ ပထမဆုံး လူနာကို လက်ခံကုသပေးပြီး ရက်အနည်းငယ်အကြာတွင် MSF တွင် ကုသမှုခံယူနေပြီး MSF ထံတွင်သာ ဆက်လက် စောင့်ရှောက်မှုခံယူရန် ဆန္ဒရှိသည့် လူနာ ၆ ဦးကို စစ်အစိုးရ၏ ကုသမှုစင်တာသို့ လွှဲပြောင်းပေးခဲ့ရသည်။

    MSF အချိန်မီ တုံ့ပြန်ဆောင်ရွက်ခဲ့သလား။

    ဩဂုတ်လအစပိုင်းတွင် ကျွန်ုပ်တို့၏ ပထမဆုံးသော ကုသရေးစင်တာကို စတင်လည်ပတ်ခဲ့သည့်အချိန်၌ COVID-19 ကပ်ရောဂါသည် တစ်နိုင်ငံလုံးကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သာ ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားခဲ့ပြီး ပို၍ ကောင်းကောင်း တုံ့ပြန်နိုင်ပါက ကုသရေးလုပ်ငန်းစဉ်များကို ပိုမို မြန်ဆန်စွာ ဆောင်ရွက် နိုင်ကာ အသက်များကို ပိုမိုကယ်တင်နိုင်မည်လား။ အောင့်သက်သက်နိုင်သော်လည်း ဤမေးခွန်း၏ အဖြေမှာ “ဟုတ်သည်” ဟု ဖြေရမည်ပင်။

    ပြီးခဲ့သည့်လများတွင် COVID-19 မျိုးကွဲတစ်ခုဖြစ်သော Delta variant သည် ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတို့၌ ပြန့်နှံ့ ခဲ့ပြီးဖြစ်သည်။ အဆိုပါနိုင်ငံ ၂ ခုမှာ မြန်မာနိုင်ငံနှင့် ကီလိုမီတာပေါင်း ၂,၀၀၀ ထောင် ရှိသည့် နယ်စပ်ချင်း ထိစပ် နေသည့် နိုင်ငံများဖြစ်ကြသဖြင့် မြန်မာနိုင်ငံသို့ ထိုမျိုးကွဲရောက်ရှိလာမှုမှာ ရှောင်လွှဲမရခဲ့ပါ။ ထိုအချိန်တွင် ကျွန်ုပ် တို့အနေဖြင့် အိန္ဒိယတွင် တုံ့ပြန်ဆောင်ရွက်စဉ်က တွေ့ရှိခဲ့ရသည့် အကြီးဆုံးစိန်ခေါ်မှုများအနက်မှ တစ်ခု ဖြစ်သော အောက်ဆီဂျင်ရယူနိုင်မှုကို သင်ခန်းစာယူကာ မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဖြစ်လာနိုင်သည်ဟုတွေးပြီး လိုအပ်သည်များ ပြင်ဆင်ထားခဲ့သင့်သည်။ သို့သော်လည်း ပြီးမှ ပြန်ပြောရသည်က ပိုလွယ်သည်မဟုတ်ပါလား။

    မြန်မာနိုင်ငံ၌ စစ်တပ်မှ အာဏာသိမ်းခဲ့ပြီး ၆ လအကြာတွင် တတိယလှိုင်း စတင်ခဲ့သည်။ မိမိတို့အဖွဲ့သားများ သည် ဆောင်ရွက်ဆဲလုပ်ငန်းများကို လက်ရှိအနေအထားတွင် ထိန်းသိမ်းထားနိုင်ရန် သာမက ခက်ခဲစွာ ရုန်းကန်နေရသည့် နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပေါ်ပေါက်လာသော ကွက်လပ်များကိုပါ ဖြည့်ဆည်းပေးနိုင်ရန် အထူးသဖြင့် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ခုခံအားကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ HIV လူနာ ထောင်ပေါင်းများစွာကို လက်ခံကုသပေးရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ကြရသည်။

    ကျွန်ုပ်တို့ တာဝန်ယူထားသည့် လူနာများထံသို့ လက်ရှိပေးအပ်နေသည့် စောင့်ရှောက်မှုအရည်အသွေးကို မကျဆင်းစေဘဲ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန် စွမ်းရည်မရှိဟု ခံစားခဲ့ရသည်။ သို့ရာတွင် အရေးပေါ် ဆေးဝါးကုသမှု နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အားလျော်စွာ ဆိုးရွားလာသည့်အခြေအနေက အစောပိုင်းတွန့်ဆုတ်နေခဲ့သည့်အခြေအနေတွင် ဆက်လက် ရပ်ကြည့်မနေနိုင်ခဲ့ပါ။

    ကျွန်ုပ်တို့၏ တုံ့ပြန်ဆောင်ရွက်ချက်များကို ဇူလိုင်လလယ်တွင် စတင်ခဲ့ချိန်၌ ကျွန်ုပ်တို့မှာ ခြေတစ်လှမ်းနောက်ကျ နေခဲ့ပြီး ဖြစ်နေသည်။

    Naung Ting, 34, looks after his 64-year-old mother, Seng Hkawn, who stayed in MSF’s COVID-19 centre in Myitkyina, Kachin state, for 46 days before being discharged healthy on 5 October 2021

    © Ben Small/MSF  

    ကျွန်ုပ်တို့လည်း အမြဲ ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။

    လူနာများကို အောက်ဆီဂျင်ပေးရုံဖြင့် အသက်ကယ်နိုင်သည်ဟု ထင်နေကြသော်လည်း COVID-19 လူနာများကို ကုသရာတွင် ထိုမျှ မရိုးရှင်းပါ။ ပြင်းထန်သည့် ရောဂါလက္ခဏာများနှင့် ဆေးရုံတင်ထားရသူများတွင် အများအားဖြင့် ၎င်းတို့အတွက် ကုသမှုများကို ပိုမိုရှုပ်ထွေးစေကာ ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စေသည့် ရောဂါအခံများ ရှိနှင့်ပြီး ဖြစ်ကြသည်။

    အင်ဆူလင် နှင့် နှလုံးသွေးကြောကုသမှု အခြေခံဆေးဝါးများ ကဲ့သို့ အရေးကြီးသည့် ဆေးဝါးများ လိုအပ်သော် လည်း ၎င်းတို့မှာ ကျွန်ုပ်တို့၏ ဆေးသိုလှောင်ရုံတွင် ရှိမနေပါ။ သွင်းကုန်ပါမစ်ရရှိရန် ခက်ခဲမှု နှင့် ရှုပ်ထွေးခက်ခဲ လွန်းလှသည့် အဖွဲ့အစည်းအတွင်းအဆင့်ဆင့် ဆောင်ရွက်ရမှုများကြောင့် အဆိုပါဆေးဝါးများကို နိုင်ငံတွင်းသို့ တင်သွင်းနိုင်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်ုပ်တို့တွင် COVID-19 အတွက် အရေးပေါ်ပြင်ဆင်ထားသည့် ဆေးသေတ္တာများ ရှိသော်လည်း သွေးကြဲဆေးများကဲ့သို့ ရှိစေလိုသည့်ဆေးဝါးများ မပါရှိနေပါ။ ထို့ပြင် အဆိုပါ ဆေးသတ္တာများတွင် ပါဝင်သည့်ပစ္စည်းများသည်လည်း လျှင်မြန်စွာပင် ကုန်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် အဆိုပါ ပစ္စည်းများကို ဝယ်ယူရန် ကြိုးပမ်းနေချိန်၌ တတိယလှိုင်းက တစ်နိုင်ငံလုံးကို ရိုက်ခတ်ပြီးဖြစ်ကာ ထိုဆေးဝါးများ၏ ဝယ်လိုအားမြင့်တက်လာပြီး ပစ္စည်းပြတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

    ကတိကဝတ်ပြုထားပြီး အသင့်ရှိနေသည်

    အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်းပြင်ပမှ ကန့်သတ်ချက်များ နှင့် စိန်ခေါ်မှုများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ ရသော်လည်း ယခုအခါ ကျွန်ုပ်တို့၏ COVID-19 ကုသရေးစင်တာများသည် မြေပြင်ရှိဆေးခန်းများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ ၎င်းတို့သည် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ပြီး ဆက်လက်ကယ်တင်နေဦးမည့် အလွန်ကောင်းမွန်သော ဆေးရုံများ ဖြစ်လာကြသည်။

    မြန်မာနိုင်ငံတွင် လူပေါင်း ၁၃ သိန်းခန့်၊ လူဦးရေ၏ လေးပုံတစ်ပုံခန့်ကသာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီး ဖြစ်သည်။ အကယ်၍ နောက်ထပ်ကူးစက်ရောဂါလှိုင်းသာ ပြန့်နှံ့လာပါက အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ထပ်မံ ပြိုလဲမည့်ဘေး ဆိုက်ဦးမည်သာ ဖြစ်သည်။

    ထိုအချက်ကို သိရှိထားသောကြောင့် နောက်ထပ် ကူးစက်ရောဂါပြန့်နှံ့မှု ဖြစ်လာပါက အဆင်သင့်ရှိစေရန် ကျွန်ုပ်တို့၏ COVID-19 ကုသမှု အခြေခံအဆောက်အအုံများ နှင့် ကျန်းမာရေးဝန်ထမ်းများကို ဆက်လက် ထိန်းသိမ်းထားပါသည်။

    အရေးကြီးသည့်ဆေးဝါးများ ထောက်ပံ့မှုမှာ တိုးတက်လာသော်လည်း ၎င်းတို့အား တင်သွင်းခြင်းမှာ ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။ ခွင့်ပြုမိန့်များအတွက် စစ်အာဏာမသိမ်းခင်ကထက် ပို၍ စိစစ်မှုများ ဆောင်ရွက်နေသဖြင့် သင်္ဘောြဖင့်တင်ပို့မှုများ နောက်ကျသည်။ ထို့အပြင် ဒေသတွင်း နှင့် ပြည်တွင်း ဆေးဝယ်ယူရေးအတွက် MSF ၏ အဖွဲ့တွင်း အဆင့်ဆင့် ဆောင်ရွက်မှုများ နှင့် မူဝါဒများမှာ နိုင်ငံတကာ ထောက်ပို့မှု အကြပ်အတည်းနှင့် ကောင်းစွာ မကိုက်ညီသောကြောင့် အရေးပေါ် ဝယ်ယူမှုများမှာ မကြာခဏ ဟန့်တားခံရသည်။

    ကျွန်ုပ်တို့အနေဖြင့် ပထမဆုံးဆောင်ရွက်မှုမှ သင်ခန်းစာများစွာနှင့် စိန်ခေါ်မှုများစွာကို လေ့လာသင်ယူလိုက်ရ သည်။ ကျွန်ုပ်တို့သည် ထပ်မံပေါ်ပေါက်လာမည့် အသစ်သစ်သော စိန်ခေါ်မှုများနှင့် မမျှော်လင့်သော စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်မှု ပေးရန် ကတိကဝတ်ပြုသည့်နည်းတူ အသင့်ပြင်ထားရှိပါသည်။ မြန်မာနိုင်ငံသားများအပေါ် ထားရှိသော ကျွန်ုပ်တို့၏ ကတိကဝတ်မှာ မည်သည့်အခါမှ ယိမ်းယိုင်မည် မဟုတ်ပါ။

     

     

    စိတ်ရင်းဖြင့်

    MSF မြန်မာ အဖွဲ့သားများ