Skip to main content

    မြန်မာနိုင်ငံ၏ နိုင်ငံရေးကမောက်ကမ ဖြစ်မှုများက HIV ကုသမှုကို ခြိမ်းခြောက်နေ

    Ma Sabai, 24, who was born with HIV and diagnosed at 17, waits for her appointment at MSF’s Moegaung clinic in Kachin state.

    မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့်အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတစ်ရက်နေ့နောက်ပိုင်းတွင် ဆရာဝန်များနှင့် သူနာပြုများသည် အလုပ်ခွင်များမှ စွန့်ခွာကာ ဆန္ဒထုတ်ဖော်ခြင်းကို ရှေ့တန်းမှ ဦးဆောင်ခဲ့သူများ ဖြစ်ကြသည်။ ထိုအခြင်းအရာသည် HIV လူနာပေါင်း ၁၅၀,၀၀၀ ကျော်ကို ဆေးကုသမှုများ၊ ကုသစောင့်ရှောက်မှုနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများ ပေးအပ်လျက်ရှိသည့် အမျိုးသား ခုခံကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံကိန်း (NAP) အပါအဝင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပေါ်တွင် သက်ရောက်မှုများစွာ ရှိလာခဲ့သည်။

    HIV လူနာများအပေါ် သက်ရောက်မှု

    ရောဂါရှိမရှိ စစ်ဆေးရာတွင် နောက်ကျခြင်း သို့မဟုတ် ကုသမှုပြတ်တောက်ခြင်းတို့သည် HIV လူနာများအတွက် လွန်စွာအန္တရာယ်ရှိသော အကြောင်းအရာများဖြစ်ကြသည်။ ထိုအခြင်းအရာက ၎င်းတို့သွေးထဲမှ ဗိုင်းရပ်စ်ပိုးကောင်ရေပမာဏကို ပိုမိုများပြားစေကာ ကိုယ်ခံအားကျဆင်းစေပြီး အခွင့်အရေးယူ ဝင်ရောက်လာတတ်သည့် ကူးစက်ရောဂါပိုးများကို ခန္ဓာကိုယ်က တိုက်ထုတ်ရာတွင် ကြိုးစားရုန်းကန်နေရစေသည်။ ထို့ပြင် HIV ပိုးရှိနေပြီး အခြားရောဂါများပါ ဖြစ်ပွားနေသည့် ပြင်းထန်သည့်အဆင့် မရောက်မီ ရောဂါရှိကြောင်း မသိရှိပါက ဆေးကုသမှု၏ ထိရောက်နိုင်စွမ်းသည်လည်း ကျဆင်းလာမည်ဖြစ်သည်။

    ဖေဖော်ဝါရီလ နှင့် အောက်တိုဘာလအတွင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) တွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှုပေါင်း ၂,၉၂၉ ခု ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၈၉ ရာခိုင်နှုန်း ပိုမိုများပြားသည့် အရေအတွက် ဖြစ်သည်။ ဆက်သွယ်၍ မရတော့သည့် လူနာများစွာရှိကြောင်းကိုလည်း စိတ်ပူပန်စွာ မြင်တွေ့ခဲ့ရသည်။ ရှမ်းပြည်နယ်တွင် ဖေဖော်ဝါရီလကတည်းက MSF ၏ လူထုကျန်းမာရေးဝန်ထမ်းများနှင့် အဆက်အသွယ်မရတော့သည့် လူနာပေါင်း ၁၂၀ ဦး ရှိသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၅၀ ရာခိုင်နှုန်းပိုများသည့် ပမာဏဖြစ်ပြီး ထိုလူနာများအတွက် MSF က လုပ်ပေးနိုင်သည့်အရာမှာ မရှိသလောက် နည်းပါးသည်။

    ထိုသို့ ဖြစ်ခြင်းကြောင့် လူနာတစ်ဦးတည်းတွင် အန္တရာယ်ရှိသည်မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးကောင်ရေ ပမာဏများလာပါက အခြားသူများထံသို့ HIV ရောဂါပိုးကူးစက်နှုန်းကိုလည်း မြင့်မားလာစေသည်။ လူအများက ကုသမှုခံယူရန် ပျက်ကွက်ခြင်း သို့မဟုတ် ရောဂါအခြေအနေကို မဆုံးဖြတ်နိုင်သဖြင့် ART ကုထုံးကို မစတင်နိုင်ခြင်းများ ဖြစ်လာပါက ကပ်ရောဂါဖြစ်ပွားချိန် တွင် နှစ်ပေါင်းများစွာက ကြိုးစားဆောင်ရွက်ခဲ့ရသည့် တိုးတက်မှုများ တစတစ လျော့ကျနေသည့် လူမှုအသိုက်အဝန်းတွင် ပိုမိုများပြားသည့် ကူးစက်မှုများကို မြင်တွေ့လာရနိုင်သည်။

    မြန်မာနိုင်ငံ၏ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် မကြာသေးမီက ဖြစ်ပွားခဲ့သည့် နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုများ၏ ပိုမိုကျယ်ပြန့်သည့် သက်ရောက်မှုမှာ ဝန်ထမ်းများ သပိတ်မှောက်နေသောကြောင့် ဝန်ဆောင်မှုများကို ကန့်သတ်ချက်ဖြင့်သာ ပေးအပ်နိုင်တော့သည့် ဆေးရုံများ၊ ပိတ်လိုက်ရသည့်ဆေးရုံများကို မြင်တွေ့ရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ MSF အနေဖြင့် အရေးတကြီးလိုအပ်ချက်များရှိနေသည့် HIV လူနာများကို လွှဲပြောင်းရန် ရွေးချယ်စရာနည်းပါးလာပြီး အန္တရာယ်ရှိနိုင်ချေ အများဆုံးသော လူနာများ၏ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ရသည့် အဓိပ္ပါယ် ဖြစ်သည်။

    HIV ဝန်ဆောင်မှုလိုအပ်ချက်ကွက်လပ်ကို MSF က အစားဝင် ဖြည့်ဆည်းပေးခဲ့

    လွန်ခဲ့သည့် ၁၀ လ နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်း ပြန်လည် လည်ပတ်လာပြီဖြစ်သော်လည်း အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း (NAP) သည် MSF မှ လူနာများကို ၎င်းတို့၏ စီမံကိန်းတွင် ပြန်လည်လက်ခံနိုင်သည့် အနေအထားသို့ မရောက်သေးပေ။ MSF အနေဖြင့် အစောဆုံး ၂၀၂၃ မတိုင်ခင်အထိ လူနာလွှဲပြောင်းပေးမှုများ ဆောင်ရွက်မည်မဟုတ်ပါ။ NAP ဆေးကုသခန်းအများစုမှာ ပြန်လည် လည်ပတ်နေသော်လည်း ဝန်ဆောင်မှုများကို အကန့်အသတ်နှင့်သာ ပေးအပ်နေဆဲဖြစ်သည်။ ရောဂါရှိမရှိ စစ်ဆေးမှုနှင့် လူနာသစ်များအတွက် ဆေးကုသမှုစတင်ခြင်းကို နေရာအများစုတွင် ရပ်ဆိုင်းထားဆဲ ဖြစ်သည်။ ဝေးလံသည့်ဆေးခန်းများတွင် ဆေးပေးသည့် သူနာပြုတစ်ဦးသာ ရှိကာ ပိုမိုပြင်းထန်သည့်HIVအဆင့်ရောက်နေသော လူနာများကို ကိုင်တွယ်ရန် သို့မဟုတ် သွေးထဲရှိ ဗိုင်းရပ်စ်များအခြေအနေကို စောင့်ကြည့်ရန် သွေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။

    အဆိုပါဖြစ်ရပ်များသည် HIV နှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို လျှော့ချရန် ကြိုးပမ်းနေသည့် MSF ၏ မဟာဗျူဟာနှင့် ပြောင်းပြန်ဖြစ်နေသည်။ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအနေဖြင့် MSF က ရောဂါရှိမရှိ စစ်ဆေးပေးခြင်းနှင့် လူနာအသစ်များလက်ခံခြင်းကို အရေအတွက်များများ လက်ခံ ဆောင်ရွက်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရဆေးခန်းများက ဆက်လက်ကုသမှုမပေးနိုင်သောကြောင့် MSF တွင် လူနာပေါင်း ၃၉၉ ဦး စာရင်းသွင်းခဲ့ပြီး ရှမ်း၊ ကချင် နှင့် တနင်္သာရီတို့ရှိ MSF ဆေးခန်းများသို့ အစိုးရ၏ လူနာများ လာရောက်မှုမှာ အကြိမ် ၇,၂၀၀ ကျော်ရှိပါသည်။

    MSF ၏ ပြန်လည်တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း

    လိုအပ်ချက်များအလိုက် ဆေးခန်းများဖွင့်လှစ်ပေးနိုင်မှုအတိုင်းအတာမှာ ကွဲပြားပါသည်။ ကချင်ပြည်နယ်တွင် ဆေးထုတ်ပေးခြင်း၊ ရောဂါသတ်မှတ်ခြင်း နှင် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနိုင်သော်လည်း ရှမ်းပြည်နယ်ရှိဆေးခန်းသို့ NAPမှလူနာများ လာရောက်မှုပမာဏမှာ အလွန်များပြားသောကြောင့် MSFမှ အကန့်အသတ်ဖြင့်သာ အထောက်အပံ့ပေးနိုင်သည်။

    လူနာများ များပြားလာခြင်းနှင့် ဆေးတင်ပို့မှုတွင် အဆင်မပြေခြင်းတို့က MSF ၏ ဆေးဘက်ဆိုင်ရာပစ္စည်းထောက်ပံ့မှုကို ခြိမ်းခြောက်လျက်ရှိပါသည်။ ART ဆေးပေးခြင်းကို အချိန်တိုတစ်ခုအတွက်သာ ပေးနိုင်ခဲ့သည်မှာ လပေါင်းများစွာ ရှိလာပြီဖြစ်ကာ HIV လူနာများတွင် ဖြစ်ပွားနိုင်ချေရှိသည့် မှိုကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါကဲ့သို့ ကူးစက်ရောဂါများ ကုသမှုအတွက် ဆေး နှင့် မွေးကင်းစကလေးငယ်များတွင် HIV ပိုး ရှိမရှိ စစ်ဆေးရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများလည်း နည်းပါးလာပြီဖြစ်သည်။ စုဆောင်းထားရှိသည့်ဆေးနှင့်ဆေးပစ္စည်းများ ကုန်သွားပါက လူနာများအတွက် အသက်အန္တရာယ် ရှိလာနိုင်မည် ဖြစ်သည်။

    စိန်ခေါ်မှုများ ပြည့်နေသော MSF ၏ HIV ဆေးခန်းများဆီသို့ သွားရာလမ်း

    မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုက မြန်မာစစ်တပ် နှင့် ဒီမိုကရေစီလိုလားသူ အရပ်သားပြည်သူစစ်သားများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပေါင်းအစုတို့ကြားရှိ ပဋိပက္ခများကို အရှိန်အဟုန် မြင့်စေခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုများ၊ ပစ်မှတ်ထားဗုံးဖောက်ခွဲမှုများ နှင့် တိုက်ပွဲများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသည်။

    MSF ဆေးခန်းများသို့လာရောက်သူများမှာ ဝေးလံသည့်နေရာများမှ လာကြရပြီး ယခုအခါ အဆိုပါခရီးလမ်းများတွင် စိန်ခေါ်မှုများ ပြည့်နှက်နေသောကြောင့် ဆေးခန်းသို့လာရောက်ရန် အတားအဆီးဖြစ်နေသည်။ ရဲနှင့် စစ်သားများက ဖြတ်သန်းသည့်လူများအား စစ်ဆေးပြီး ဖြတ်သန်းခွင့်ပြုရန် “လက်ဖက်ရည်ဖိုး” ပေးရသော စစ်ဆေးရေးဂိတ်များသည်လည်း အနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ ည၁၀ နာရီ မှ မနက် ၄ နာရီအထိ သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကလည်း ဆေးခန်းသို့ လူနာများအချိန်မီလာရောက်ကာ အိမ်သို့အချိန်မီ ပြန်နိုင်ရန် အချိန်လျော့နည်းစေပြီး အချို့သော လမ်းများတွင် ကြိုကြားကြိုကြား ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများသည်လည်း ခရီးသွားနေသူများကို အန္တရာယ်ရှိစေသည်။

    “ချီဖွေ နဲ့ မြစ်ကြီးနား ကြားထဲက လမ်းက လတော်တော်ကြာကြာတည်းက ပိတ်သွားတာ။ အဲဒီမှာစစ်ဆေးဂိတ်တွေလည်း အများကြီးဆိုတော့ လာရဲတဲ့ကားသမားကလည်း နည်းနည်းပဲရှိတယ်။”ဟု အသက် ၃၀ အရွယ် HIV လူနာတစ်ဦးဖြစ်သူ ဘရန်ဆိုင်းက ဆိုသည်။ ဘရန်ဆိုင်းသည် HIV ရောဂါပိုးရှိနေကြောင်း ဧပြီလတွင် သိရှိကာ ဆေးကုသမှုခံယူရန် MSF ဆေးခန်းသို့ မကြာခဏ လာရောက်နေရသူဖြစ်သည်။

    “ပဋိပက္ခတွေ ပိုဆိုးလာရင် ခရီးသွားလို့မရတော့ဘဲ ကျွန်တော့်ဆေးခန်းပြရက်ကို ပျက်မှာစိုးလို့ စောစောကြိုလာလိုက်တာ။ ပြီးတော့ ကျွန်တော်က အငှားကားထွက်တဲ့နေ့ပဲလာလို့ရတာခင်ဗျ။ နေ့တိုင်းလည်း သူတို့က မထွက်ဘူးလေ။”

    မြန်မာနိုင်ငံ၏ ခက်ခဲလာသည့် စီးပွားရေးအခြေအနေက ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးကို ကန့်သတ်ထားခဲ့

    COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်တပ်မှအာဏာသိမ်းမှုတို့က နိုင်ငံ၏ စီးပွားရေးအခြေအနေကို တစ်စစီ ပျက်စီးသွားစေခဲ့သည်။ အလုပ်လက်မဲ့ဦးရေတိုးလာပြီး ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းက နေ့စဉ်သုံး စားသောက်ကုန်နှင့်ပစ္စည်များ အထူးသဖြင့် အစားအစာနှင့် စက်သုံးဆီ ဈေးတို့ကို မြင့်တက်စေခဲ့သည်။

    တန်ဖိုးသင့် မြို့ပတ်ရထားများ ရပ်ဆိုင်းသွားပြီး ဘတ်စ်ကားလမ်းကြောင်းများသည်လည်း မသေချာတော့သဖြင့် လူအများမှာ ပိုမိုဈေးကြီးသည့် ပုဂ္ဂလိကကားများ နှင့် ဆိုင်ကယ်များကို ပိုမိုအသုံးပြုလာရသည်။ ငွေကြေးရှားပါးနေချိန်တွင် အဆိုပါ ဖြစ်ရပ်များသည် MSF ၏ HIV လူနာများအတွက် ဆေးခန်းသို့လာရောက်ရန် အပိုကုန်ကျငွေများ ဖြစ်ကြသည်။

    ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ MSF ဆေးခန်းသို့ လာရောက်နိုင်သော်လည်း HIV လူနာတစ်ဦးဖြစ်သူ ဦးလှထွန်း* ၏ အတွေ့အကြုံများသည် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာပြည်သူများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထင်ဟပ်လျက်ရှိသည်။ ဦးလှထွန်းသည် ၎င်းနေထိုင်ရာ ကာမိုင်းမှ ဝက်ပေါက်ကလေးများကို ဆိုင်ကယ်ဖြင့် သယ်ယူကာ ကျောက်စိမ်းတူးခြင်းကြောင့် နာမည်ကျော်သည့် ဖားကန့်တွင် ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်သည်။ ယခင်က ခရီးတစ်ခေါက်လျှင် တစ်သိန်း (၅၅ ဒေါ်လာ) အထိ ရရှိနိုင်သော်လည်း လက်ရှိ ဖားကန့်တွင် အင်တာနက်ဖြတ်တောက်မှုများ ရှိနေခြင်း နှင့် တိုက်ပွဲများဖြစ်ပွားသဖြင့် မလုံခြုံခြင်းကြောင့် မွေးမြူရေးအတွက် ဝယ်လိုအား လျော့ကျလာကာ ယခင်ကဲ့သို့ လွယ်ကူစွာ သွားလာနိုင်ခြင်းလည်း မရှိတော့ပါ။

    “ခရီးသွားဖို့က အရမ်းခက်လာတယ်။ COVID ကြောင့်ရော တိုက်ပွဲတွေကြောင့်ရော လည်ရောင်းလို့ မရတော့ဘူး။ ဝယ်တဲ့သူလည်း နည်းနည်းပဲရှိတော့တာဆိုတော့ လုပ်ငန်းက ရပ်သလောက်ဖြစ်နေတယ်။” ဟု သူက ဆိုသည်။ “ဖားကန့်မှာ လုံခြုံရေးအာမခံချက်မရှိတော့ လူတွေကလည်း ဝက်ပေါက်လေးတွေကို သိပ်ပြီး ဝယ်မမွေးချင်ကြတော့ဘူး။”

    ထိုသို့သော အတားအဆီးများကြောင့် MSF ဆေးခန်းများသို့ မလာရောက်နိုင်သည့် လူနာများအတွက် MSF က အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ဆေးများ ဆက်လက်ပေးပို့လျက်ရှိပါသည်။ ရှမ်းပြည်နယ်တွင် ဖေဖော်ဝါရီလကတည်းက အိမ်အရောက်ပို့ဆောင်မှုပေါင်း ၂၇၀ ကို ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ဤဆောင်ရွက်ချက်သည် ရေရှည်အတွက် အဖြေမဟုတ်ပေ။ အခြေအနေ မတည်ငြိမ်သည့်လူနာများသည် ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။ MSF ဆေးခန်းများတွင် ၎င်းတို့ ရရှိနေသည့် ကုသစောင့်ရှောက်မှု၊ နှစ်သိမ့်ဆွေးနွေးခြင်း နှင့် ဆေးစစ်ခြင်းများ ဆက်လက်မရရှိပါက လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်း အဖြစ် မသတ်မှတ်နိုင်ပါ။

    အနာဂတ်

    မြန်မာနိုင်ငံရှိ HIV လူနာများအနေဖြင့် ကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အရေးကြီးပါသည်။ ဆိုလိုသည်မှာ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ကွက်လပ်ကို ဖြည့်ပေးနေသည့် လူမှုအဖွဲ့အစည်းများနေရာတွင် အပြည့်အဝ လည်ပတ်နေသည့် အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းကို လိုအပ်ပါသည်။ လှူဒါန်းသူများအနေဖြင့် မြန်မာစစ်အစိုးရကို ဖြတ်၍ တိုက်ရိုက်လှူဒါန်းနိုင်ခြင်း မရှိသောကြောင့် MSF ကဲ့သို့သော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲတစ်ခု ရှိလာချိန်အထိ ဆက်လက်ပါဝင်နေရန် လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် HIV ဝန်ဆောင်မှုများအတွက် ရန်ပုံငွေဆက်လက်ရရှိရေးသည်လည်း အရေးပါပါသည်။

    HIVစောင့်ရှောက်မှုဆိုင်ရာအတားအဆီးများမှာ မရှိသင့်တော့ပါ။ ဆေးနှင့်ဆေးဘက်ဆိုင်ရာသွင်းကုန်ပါမစ်များ ရရှိရန်ကြိုးပမ်းခြင်းသည် အကျိုးရှိသော်လည်း MSFလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်းကို ထိခိုက်စေသော ပဋိပက္ခနှင့် စီးပွားရေးခက်ခဲမှုများကိုမူ အချိန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။

    နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) သည် မြန်မာနိုင်ငံ၏ HIV ကုသရေးတွင် အရေးပါသည့် ရန်ပုံငွေများ ရှာဖွေခြင်း နှင့် ART ကုထုံးကို စတင်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၂၀၁၃ အကုန်တွင် MSF သည် နိုင်ငံတွင်း၌ ART ကုထုံးကို အများဆုံး ထောက်ပံ့ပေးသူ ဖြစ်ခဲ့ပြီး လူနာပေါင်း ၄၂,၀၀၀ ကျော်ကို ကုသပေးခဲ့သည်။ MSF ၏ ဆန်းသစ်သည့် ကုထုံးပုံစံသည် ရှုပ်ထွေးသည့်အခြေအနေများနှင့် လူနာများ အထူးသဖြင့် တီဘီရောဂါကဲ့သို့ အခြားရောဂါအခံများ ရှိနေသည့် HIV လူနာများအတွက် အရည်အသွေးအမြင့်မားဆုံးသော စောင့်ရှောက်မှုများ ရရှိရန် ကူညီပေးခဲ့သည်။

    ပြီးခဲ့သည့် ၅ နှစ်တာကာလတွင် MSF ၏ HIV လုပ်ငန်းဆောင်တာများကို ရပ်နားကာ လူနာများအား အစိုးရ၏ အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းသို့ လွှဲပြောင်းပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် HIV လူနာများအတွက် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ်ကုန်တွင် MSF ၏ ရန်ကုန်ဆေးခန်းမှ လူနာများအပါအဝင် HIV လူနာပေါင်း ၂၆,၀၀၀ ကျော်ကို အစိုးရ၏ စီမံကိန်းထံသို့ လွှဲပြောင်းပေးခဲ့သည်။

    *အမည်လွှဲ