မြန်မာနိုင်ငံရှိ HIV လူနာများအတွက် အထောက်အပံ့ပေးခဲ့မှု နှစ်ပေါင်း ၂၀
A patient picks up medicines from the pharmacy at the Dawei clinic. Myanmar, September 2012. © Ron Haviv/VII Photo
နယ်စည်းမထားဆရာဝန်များအဖွဲ့သည် ရွှေ့ပြောင်းလုပ်သားများ၊ မူးယစ်ဆေးထိုးသွင်းအသုံးပြုသူများကဲ့သို့ HIV ကူးစက်နိုင်ခြေများသော၊ လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ခံရသောလူထုအတွက် ထားဝယ်တွင် အလုံးစုံ HIV စောင့်ရှောက်မှု ပေးအပ်နေသည်မှာ ဆယ်စုနှစ် နှစ်စု တိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံ၌ HIV/AIDS ကူးစက်ရောဂါ ဖြစ်ပွားမှုများပြားခဲ့ပြီး HIVရောဂါပိုးရှိသူများအတွက် ဆေးကုသမှုကို လက်လှမ်းမီရရှိရေး အလွန် ခက်ခဲသော ကာလတစ်ခုဖြစ်ခဲ့သည်။ အဆိုပါလူထုအနေဖြင့် ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုရရှိရေးအတွက် မျှော်လင့်နိုင်ခွင့် ရှိလာစေရန် အခမဲ့ ကုသမှုပေးမည့် MSF ဆေးခန်းကို ထားဝယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၂၃ ခုနှစ်ကုန်တွင် ထားဝယ်မြို့ရှိ MSF ၏ HIV စီမံကိန်းတွင် ကုသစောင့်ရှောက်မှုခံယူနေကြသည့် လူနာများကို လျာထားရှိသည့် MSF ၏ အရင်းအမြစ်များနှင့်အတူ အမျိုးသားခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်(NAP) ထံ လွှဲပြောင်းပေးသွားတော့မည် ဖြစ်သည်။
ယခုလွှဲပြောင်းမှုသည် ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း၏ HIV စောင့်ရှောက်မှုကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍ (အထူးသဖြင့် ART နှင့်စပ်လျဉ်း၍) မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲခြင်းတွင် တိုးတက်မှုတစ်ခုဟု ဆိုနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၂၁ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲသွားခြင်း၏ နောက်ဆက်တွဲဖြစ်သကဲ့သို့ အဆိုပါလူနာလွှဲပြောင်းမှုကို ကြန့်ကြာစေခဲ့သည့် စိန်ခေါ်မှုများမှာမူ ဆက်လက်ကျန်ရှိနေပါသေးသည်။
ထားဝယ်မှ HIV လူနာများအတွက် MSF ၏ နှစ် ၂၀ ကြာ ပြုစုစောင့်ရှောက်မှုကို ပိတ်သိမ်းခြင်း
ထားဝယ်စီမံကိန်းသည် HIV ရောဂါပိုးရှိသူများအတွက် စစ်ဆေးကုသမှု မှ စ၍ ရောဂါရှိသော်လည်း ကျန်းမာစွာ နေထိုင်ရေးအတွက် ဘဝတူချင်း အထောက်အပံ့ပေးမှုအလယ် လူနာအများစုခံစားကြရသော ခွဲခြားနှိမ့်ချ ဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းနည်းများ အဆုံး နည်းအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာ အထောက်အပံ့ ပေးခဲ့သည်။
၂၀၂၀ ခုနှစ်တွင် စီမံကိန်းသည်လည်း တကမ္ဘာလုံးနည်းတူ ကိုဗစ် ၁၉ ကို ရင်ဆိုင်ရခြင်းကြောင့် ကုသမှုခံယူချက်ရှိကြသူ လူနာများအတွက် ကြီးစွာသော အဟန့်အတားများ ဖြစ်ပေါ်လာခဲ့သည်။ လူနာအများစုက ဝေးလံသော ကျေးလက် ဒေသများနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ ကျွန်းစုငယ်များတွင် နေထိုင်ကြခြင်းကြောင့် ခရီးသွားလာရေး ကန့်သတ်ခွင့်များက HIV လူနာများကို လွန်စွာ အခက်တွေ့စေခဲ့သည်။
“ကိုဗစ်တွေဖြစ်တော့ သင်္ဘောတွေ မထွက်တော့ဘူး။ ကျွန်မလည်း ဆေးခန်းကို ပြန်လာလို့မရတော့ ၃ လလောက် ဆေးပြတ်သွားတယ်။” ဟု မမီမီက သတိတရ ပြန်ပြောပြသည်။
A patient receives treatment in the Doctors Without Borders clinic in Dawei. Myanmar, April 2014. © Eddy McCall
၂၀၂၁ ခုနှစ် ဇန္နဝါရီလတွင် MSF က အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ထံ လူနာများကို စတင် လွှဲပြောင်းခဲ့သည်။ ထိုအချိန်မှ တစ်လအကြာ၌ ရွေးကောက်ခံအစိုးရနေရာကို စစ်တပ်မှ အစားထိုး နေရာယူခြင်းကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စကို ဆန့်ကျင်သည့် အနေဖြင့် နိုင်ငံအနှံ့အပြားရှိ ကျန်းမာရေးဝန်ထမ်းများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေးစနစ်က ကြီးမားသည့် ဝန်ထမ်းရေးရာပြဿနာများ ရင်ဆိုင်နေရသည့် တစ်ချိန်တည်းမှာပင် ပြည်သူ့ကျန်းမာရေးအတွက် ရန်ပုံငွေအသုံးပြုမှု နည်းပါးခြင်း နှင့် သွင်းကုန်ပိတ်ဆို့မှုများက မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှုကို အားပေးအားမြှောက်ပြုနေပါသည်။
လူနာလွှဲပြောင်းခြင်းများကိုလည်း ရပ်တန့်ထားခဲ့ရပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် MSF က လူနာအသစ်များကို လက်ခံခဲ့သည်။ လအနည်းငယ်ကြာပြီးနောက် လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ဆိုင်းငံ့ထားရန် ဒေသဆိုင်ရာ အာဏာပိုင်များက အကြောင်းကြားသည့် စာတစ်စောင်ကို ထားဝယ်ရှိ MSF အဖွဲ့က ဇွန်လတွင် လက်ခံရရှိခဲ့သည်။ ထိုအချိန်၌ ထားဝယ်ဆေးခန်းတွင် HIV လူနာပေါင်း၂,၁၆၂ ဦးကို ပိုးထိန်းချုပ်ကုသမှု ပေးအပ်လျက်ရှိသည်။ နှစ်ပတ်အကြာတွင် MSF က လုပ်ငန်းများပြန်လည်စတင်နိုင်ခဲ့သော်လည်း ထိုသို့ ရပ်တန့်ဆိုင်းငံ့မှုကြောင့် ဒေသခံလူထုအတွက် အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့များ၏ ထောက်ပံ့ကူညီမှုများ လျော့ကျသွားခဲ့ပါသည်။
ယခုနှစ်တွင် ပိုးထိန်းချုပ်ကုသမှု ပြန်လည် ပေးအပ်နိုင်လာပြီဖြစ်သည့် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (NAP) ထံသို့ HIVလူနာများ လွှဲပြောင်းခြင်းကို MSF က ပြန်လည်စတင်ခဲ့သည်။ လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းစဉ် ပြန်လည်စတင်နေပြီဖြစ်သော်လည်း လူနာများကို MSF က ဆက်လက်ကူညီ သွားမည့်အကြောင်း ကတိကဝတ်ပြုထားပြီး အကူအညီပေးမည့်လုပ်ငန်းစဉ်တစ်ခုကို ၂၀၂၄ မှ စတင်ကာ NAP နှင့်အတူ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ၂၀၂၃ နှစ်ကုန်တွင် ထားဝယ်မှ လူနာအားလုံးကို အပြီးသတ် လွှဲပြောင်းသွားမည်ဖြစ်သည်။ ဤအချက်မှာ လမ်းကြောင်းမှန်သို့ ဦးတည်ရာတွင် ကြီးမားသည့် တိုးတက်မှု ရလဒ်တစ်ခု ဖြစ်ပြီး လုပ်ငန်းလည်ပတ်နေပြီဖြစ်သည့် NAP ဆေးခန်းများကြောင့် လူနာများအနေဖြင့် ဆေးခန်းသွားရာတွင် ခရီးဝေးနှင်ရန် မလိုတော့ဘဲ စဉ်ဆက်မပြတ်ကုသမှုခံယူရေးသည်လည်း ပိုမို လွယ်ကူလာမည်ဟု MSF က မျှော်လင့်ပါသည်။
Doctors Without Borders staff manages the daily routines, registers patients coming in for consultation, and files the folders corresponding to the various patients. Myanmar, February 2012. © Matthieu Zellweger
မြန်မာနိုင်ငံတွင် HIV ကုသမှု ရယူခြင်း
ကုသမှုပေးနိုင်သည့် ဆေးခန်းကို ရှာဖွေရခြင်းသည် HIV ပိုး ကူးစက်ခံရသူ တစ်ဦးဖြစ်သည့် ဂေးဂေး (အမည်လွှဲ) အတွက် အခက်ခဲဆုံး အရာဖြစ်ခဲ့သည်။
“ ဟိုးအရင် သမီးတို့ ငယ်ငယ်တုန်းကဆို တော်တော် အခက်အခဲတွေရှိတယ်။ ဒီရောဂါရှိမှန်းစသိတော့ ဆေးရုံဆေးခန်းဆိုတာလည်း မရှိဘူး။ တခြားရွာမှာ ကုသမှုခံယူရတယ်။ ကုလို့မရတဲ့ အချိန်ကျ သမီး ထားဝယ်ကို ပြန်လာတယ်။”
ထားဝယ်ကို ပြန်လာတော့ MSF ရဲ့ မေတ္တာရိပ်ဆေးလန်းက ဆရာမတွေနဲ့ သိရတယ်။ အရင်တုန်းက မေတ္တာရိပ်ဆိုပြီး ဆေးခန်းမရှိသေးဘူး။ အိမ်တိုင်ရာလှည့်ပြီး ကုပေးတာ။ ကုရင်း ကုရင်းနဲ့ သမီးတို့လည်း မေတ္တာရိပ်က ဆရာဆရာမတွေနဲ့ သိလာတယ်။ ဆေးတွေလည်း ကောင်းကောင်းမွန်မွန် သောက်ရတယ်။ ကျန်းကျန်းမာမာနဲ့ နေခဲ့ရတယ်။ ဆေးကုသဖို့က အရင်တုန်းက ခက်ခဲတယ်။ အခုဆိုရင် ခက်ခဲမှုတော့ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက မေတ္တာရိပ် တစ်ခုပဲ ရှိတယ်။ အခုတော့ မေတ္တာရိပ်တင်မကဘူး အခြားဆေးခန်းတွေပါ ရှိတယ်။ ပြီးတော့ ကိုယ်က ထားဝယ်မှာ ဆေးမထုတ်ချင်ဘူးဆိုရင်လည်း ရန်ကုန်တို့၊ မန္တလေးတိုလို တခြားသော မြို့တွေမှာ လည်း သွားထုတ်လို့ရတယ်ပေါ့။Gay Gay*, patient
“မေတ္တာရိပ်ဆေးခန်းမှာ ပထမဆုံးဆေးစသောက်တော့ ၁၃ နှစ်။ ပြီးတော့ ရန်ကုန်ကို ကျောင်းတက်ဖို့ ပြောင်းသွားတယ်။ အဲဒီမှာ ၈ နှစ်ဆက်တိုက် ဆေးသောက်ခဲ့တယ်။”
“HIV ပိုးရှိပေမယ့် ဆေးသောက်နေတဲ့ သူတွေက သာမန်လူလိုပဲ ကျန်းကျန်းမာမာ နေနိုင်တယ်။ အခုဆိုရင် HIV ပိုးရှိသူတွေအပေါ် လူတွေရဲ့အမြင်လည်း ပြောင်းလဲလာပါပြီ။ အရင်ကဆိုရင် ဆေးကုသဖို့ ခက်ခဲတယ်။ အခုကတော့ ဆေးစစ်တာလိုမျိုးလုပ်ပေးတာ၊ ဆေးရုံဆေးခန်းတွေလည်း များလာပြီ။ ကုမှုခံယူရတာ ပိုပြီးလွယ်လာတာပေါ့။”
“HIV ပိုးရှိတဲ့သူတစ်ယောက်အနေနဲ့ကျတော့ အခက်အခဲတွေက တချို့က မိသားစုအခြေအနေကြောင့် စားဝတ်နေရေး ခက်ခဲတာ တွေ့ရတယ်။ တချို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေ မကောင်းတာလည်း တွေ့ရပါတယ်။”
A patient under HIV/TB care. Myanmar, December 2018. © MSF/Scott Hamilton
လူနာလွှဲပြောင်းခြင်း နှင့် စီမံကိန်းပုံစံပြောင်းလဲခြင်း
ယခုအကြိမ် လူနာလွှဲပြောင်းပေးမှုသည် ၂၀၂၁ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည့် ကနဦးလွှဲပြောင်းမှု ပုံစံနှင့် အနည်းငယ် ကွဲပြားသည်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ကွက်လပ်များစွာ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဝန်ထမ်းပိုင်းဆိုင်ရာဘက်တွင် ဖြစ်သည်။ MSF ကဲ့သို့ အဖွဲ့အစည်းများက အထောက်အပံ့ ပေးလျက်ရှိသော်လည်း ရေနှင့် သန့်ရှင်းရေးအရင်းအမြစ်များကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်မှုကြောင့် ဆေးခန်းများမှာ ဖြောင့်ဖြူးစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြရသည်။
ထားဝယ်လူထုအများစုမှာ ကော့သောင်းတွင် ငါးဖမ်းစက်လှေလိုက်သူ ကိုမောင်မြင့် (အမည်လွှဲ) ကဲ့သို့ ရပ်ဝေးတစ်နေရာတွင် ကာလကြာရှည်သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
“အရင်တုန်းက ဆေးက ၆လစာရတော့ ၅လအလုပ်လုပ်ပြီး တစ်လကို ဆေးယူဖို့ ပြန်လာလို့ရတယ်။ ကျွန်တော်က အလုပ်နဲ့သွားနေရတော့ NAPက ဆေး ၂ လစာပဲ ပေးရင် အဆင်မပြေဘူး။”
ဆေးအလုံအလောက်မရရှိမှုကြောင့် လူနာများမှာ ဆေးခန်းသို့ အခေါက်ခေါက် အခါခါ လာကြရသည်။ လက်ရှိတွင် ပဋိပက္ခဖြစ်ပွားမှု ပြန်လည် မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းနှင့် တနင်္သာရီတိုင်းရှိ ဒေသအများစု၌ သွားလာရေးခက်ခဲသလို အန္တရာယ်လည်းရှိသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိခဲ့ပြီး အာဏာသိမ်းမှု ဖြစ်ပွားသည့် အချိန်မှစ၍ လက်ရှိအထိ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအား တိုက်ခိုက်မှုပေါင်း ၁,၀၀၀ ကျော် ရှိခဲ့သည်။ 1
MSF ကဲ့သို့သော အဖွဲ့အစည်းများမှ အကူအညီ ပေးလျက်ရှိပြီး NAP ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာသော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေမှုအခြေအနေမှာ HIV လူနာများအတွက် ကြီးမားသော သက်ရောက်မှုများ ဖြစ်စေပါသည်။
အများသုံးပို့ဆောင်ဆက်သွယ်ရေးစနစ်အပါအဝင် ဖြောင့်ဖြူးသော ထောက်ပို့ရေးလမ်းကြောင်း၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ဝန်ထမ်းများနှင့် အခြားလိုအပ်သောအရင်းအမြစ်များကို ထားဝယ်အတွင်းအပြင် ရွှေ့ပြောင်းနိုင်ရေး တို့ကို ဆောင်ရွက်နိုင်ခြင်း မရှိပါက ပုံမှန်သောက်သုံးရန် ဆေးမရရှိနိုင်သောကြောင့် ထားဝယ်ရှိ HIV ကုသမှုခံယူနေကြသူ လူနာများအတွက် ထိခိုက်မှုများ ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။
NAP ဆေးခန်းများတွင် ဆက်လက်ကူညီပံ့ပိုးကာ မြန်မာနိုင်ငံရှိ HIV လူနာများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်မည့် အခွင့်အရေးကို MSF က ကြိုဆိုပါသည်။
MSF သည် မြန်မာနိုင်ငံသို့ ၁၉၉၂ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး နိုင်ငံတွင်း၌ ပထမဆုံး လုပ်ငန်းဆောင်ရွက်ခဲ့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ၁၉၉၄ နှစ်တွင် MSF က လိင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများ စစ်ဆေးကုသမှုု၊ HIV/AIDS အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ကျန်းမာရေးအသိပညာပေးမှုများကို ရန်ကုန်၌ စတင် ပေးအပ်ခဲ့သည်။ MSF သည် ၂၀၀၂ နှစ်တွင် နိုင်ငံတွင်း ပထမဆုံးသော ပိုးထိန်းချုပ်ကုသမှု ပေးအပ်သူ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး HIV ကုသမှုစီမံချက်ကို ဆောင်ရွက်ခဲ့ပါသည်။
1. Insecurity Insight: https://reliefweb.int/report/myanmar/tragic-milestone-more-1000-attacks-health-care-myanmar-february-2021-military-coup↩